နွံ

စွဲလမ်းတယ်ဆိုတာ
တစ်ယောက်နှုတ်ခမ်း တစ်ယောက်ထိမိချိန်တိုင်း
ကိုယ့် စီးကရက်နံ့ကို သူက မွှေးတယ်ထင်သလို
သူ့ နှုတ်ခမ်းနီနံ့ကို
ကိုယ်က ဘယ်တော့မှ ရိုးအီမသွားခဲ့သလိုမျိုး။

ကိုယ့်အတွက်တော့
ကြောက်စရာကောင်းသလောက် မျှော်လင့်စရာလဲကောင်းနေတာဟာ
သူ မပေးခဲ့တဲ့ ကတိတစ်ခုပါပဲ။
ဒီရူးသွပ်မှုကနေ ရုန်းမထွက်နိုင်သေးခင်ထိတော့
သူ လှည့်တဲ့ နဂါးခေါင်းအတွက်
နေ့စွဲတိုင်းကို ကိုယ့် ရက်ရာဇာဖြစ်ပေးရ။
တကူးတကနဲ့လဲ ကံကောင်းမပြရတော့ဘူး။

ပုဒ်ဖြတ်ပဲဖြစ်ဖြစ် ပုဒ်စပ်ပဲဖြစ်ဖြစ်
ဝေါဟာတစ်ခုကို ကိုယ်ရွတ်ဆိုမိတိုင်း
အဲဒီ အဝါရောင်နာမ်စားဟာ သူမရဲ့ အမည်နာမပဲ။
နောက်ကြောင်းကို ပြန်လှည့်ကြည့်လို့
ကိုယ့်အတွက် လွမ်းစရာတွေရှိခဲ့မယ်ဆိုရင်လဲ
အဲဒါဟာ မက်မက်စက်စက်ကျနေတဲ့ နှင်းစက်တွေပဲရှိမယ်။

တစ်ခါတစ်ခါ
တစ်ယောက်ယောက်သိမြင်စေဖို့
ပွင့်ပွင့်လင်းလင်း ကြွေကွဲပြလိုက်တာဟာ
အမှန်တကယ် ကွဲကြေသွားတဲ့အခါ
တိတ်တိတ်လေးပြန်ကြေကွဲနေလိုက်ရတာမျိုး။

အတိတ်လား အရိပ်လား
တကယ်ဖြစ်မနေတာချင်း အတူတူ
ဒီဇင်ဘာရောက်တိုင်း
သူ့လည်တိုင်မှာ ဖရိုဖရဲကျနေတဲ့ ဆံစတွေကို
ယုယုယယ သပ်တင်ပေးချင်မိခဲ့။

အဲဒီလိုမျိုး နောင် အခွင့်ကြုံတိုင်း
ထမင်းစားပြီးပြီလား မေးမယ်။
ရေချိုးပြီးပြီလား မေးမယ်။

ဆံပင်တွေ ကောက်ပြီးပြီလား မေးမယ်။
လက်သည်းတွေ ညှပ်ဖြစ်ရဲ့လား မေးမယ်။

တဖြေးဖြေး ဝေးဝေးသွားတဲ့ အခါ
သူ နေလို့ ကောင်းပါစေ ဆိုတဲ့ အကြောင်း
ဘုရားမှာ ခိုတွေ လွှတ်ပြီး ဆုတောင်းမယ်။

#ရွက်လှေ 

Comments

Popular posts from this blog

၂၀၁၂ ဝန်းကျင်၌ လွတ်ကျခဲ့ဖူးသော အပိုင်းအစများ

ရွက်လှေ (၃)

Crush သို့