Crush သို့


တစ်ခါတုန်းက စိတ်ကူးယဉ်ခဲ့ဖူးသလို
တစ်ဖက်သတ်အချစ်ဆိုတာ
ကာရံတွေထဲမှာတော့ သိပ်ကိုလှတယ်။
သူ ခပ်ဟဟ ပြုံးလိုက်ချိန်တိုင်း
ကိုယ်ဟာ ဒီကမ႓ာကနေ ခပ်ခွာခွာ လွှင့်ထွက်သွားသလိုမျိုး။

ကြည့် .....
ဘယ်လောက်တောင် အချစ်ဆန်လိုက်တဲ့ အတ္တလဲ။
လက်ခံရရှိထားတဲ့ ပတ်သက်မှုတစ်ခုနဲ့တင်
သူ့ဘဝတစ်ခုလုံးစာ ကိုယ်ပဲ ဖြစ်နေလိုက်ချင်တာ။

ပျော်ရွှင်မှုတွေပဲ ဖြစ်ဖြစ် ဝမ်းနည်းမှုတွေပဲ ဖြစ်ဖြစ်
သူနဲ့ ပတ်သက်လာတဲ့ ဖြစ်တည်မှုတိုင်းဟာ
ကိုယ့်အတွက်တော့ ဘယ်သူမှ ဖန်ဆင်းပေးမထားတဲ့ အပြာရောင်ရှင်သန်ခြင်းပဲ။
အနာဂတ်ဆိုတဲ့ အရာသာ တကယ်ရှိခဲ့ရင်
အဲ့ဒါဟာ သူ့ကိုယ်သင်းနံ့လေး ကိုယ့်ဝင်သက်နားမှာ ဖြတ်ပြေးသွားတဲ့အချိန်လေးပဲ ဖြစ်မှာ။

တစ်ဖက်သတ်ဆိုတာ
သူကြည့်ခဲ့ဖူးတဲ့ ကိုးရီးယားစီးရီးလောက်
ဒရမ်မာ မဆန်တာ သိမှာမဟုတ်ဘူး။
ဖြစ်နိုင်ရင် ကိုယ်က သူ့မျက်စောင်းတွေကို
ကိုယ်သိပ်ရေးချင်ခဲ့တဲ့ ကဗျာတစ်ပုဒ်ထဲမှာ ထည့်ပြီး
တစ်လုံးချင်း ... တစ်ရွက်ချင်း ...
ရင်နဲ့ ရင်းပြီး ထည့်ထားချင်ခဲ့မိတာ။

ပိုင်ဆိုင်ခြင်းလား စွန့်လွှတ်ခြင်းလား
သူ့ နှုတ်ခမ်းနီနီလေးတွေတွန့်ကွေးသွားတာတွေ့တိုင်း ကျေနပ်နေမိမှတော့ "အချစ်ဟာ ဘာလဲ" ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုကိုယ် ပြန်မမေးချင်တော့ဘူး။

အဲဒီလိုမျိုး သူ့ သွားညီညီညာညာလေးတွေ မြင်ရဖို့
သူကြိုက်တဲ့ ခေတ်ပေါ်သီချင်းတွေ အလွတ်ကျက်မယ်။

သူနှစ်သက်တဲ့ ဟာသတွေ ပြောမယ်။

နောက်ဆုံး ...
ရန်ဖြစ်ထားတဲ့ သူ့ချစ်သူနဲ့ ပြန်အဆင်ပြေသွားတဲ့အခါ
"နင် ပျော်ရွှင်ပါစေဟာ" လို့ပြောနိုင်ဖို့ ကိုယ် ကြိုးစားမယ်။ 

 #ရွက်လှေ

Comments

Popular posts from this blog

၂၀၁၂ ဝန်းကျင်၌ လွတ်ကျခဲ့ဖူးသော အပိုင်းအစများ

ရွက်လှေ (၃)