၂၀၁၂ ဝန်းကျင်၌ လွတ်ကျခဲ့ဖူးသော အပိုင်းအစများ


တစ်ဆစ်ဆစ် နာကျင်ကိုက်ခဲနေတဲ့ဆန္ဒတွေပါ။

ပြန်မရပေမယ့် လွမ်းခွင့်လေးတော့ရှိချင်ပါတယ်။


ညနေတိုင်း မိုးညှင်းအကြော်ဆိုင်ကို

လမ်းလျှောက်ပြီး သွားစားရတဲ့ အရသာကို မမေ့ဘူး။

ကျောင်းဝန်းထဲက စက္ကူပန်းတွေကို မမေ့ဘူး။

တမာတန်းကို မမေ့ဘူး။

ကိုကြီး ဇော်တင် ကို မမေ့ဘူး။


အခုချိန် တစ်ယောက် တစ်နေရာဆိုပေမယ့်

ဘယ်ရောက်နေမှာမှန်း မသိတဲ့ ရည်းစားဟောင်းလဲ

အိမ်ထောင်ရက်သားတွေ ကျနေလောက်ပြီ။


လွမ်းရပါတယ်။

ဒီလို ည တွေမှာ ပို လွမ်းရပါတယ်။

2012 ခုနှစ် ဝန်းကျင်များဆီမှာ

3 idiots ရုပ်ရှင် နာမည်ကြီးလာတော့

စာမကြိုးစားချင်ကြတဲ့ ကိုယ်တို့ သူငယ်ချင်း တစ်သိုက်က

ရန်ချို ကို အားကျကြတယ်။

တားမရတဲ့ ဝါသနာကတော့

လူတောမတိုးတဲ့ ကဗျာတွေရေး

ခင်မင်ရင်းနှီးသူတွေ လျှောက်ပေးပြီး လူတွင်ကျယ်လုပ်ရတဲ့အရသာပါပဲ။


ဇော်ဝင်းမောင် ရေ... မင်း ဘယ်ရောက်နေလဲ။

မိုးလင်း .... သူငယ်ချင်း

မင်းလဲ အိမ်ထောင်ကျသွားပြီး သမီးလေးမွေးတယ်ကြားတယ်။


Vegus စက်ရုံကြီး ပျက်သွားရင်

ငါတို့လဲ ဆေးလိပ် ပြတ်မှာပါ ပြောခဲ့တယ်။

တကယ်တမ်း ပျက်သွားချိန်ကျ

Ruby ပြောင်းသောက်တဲ့

သစ္စာတရား သိပ်ပြီး ကြီးမားကြသူကြီးတွေ ....


ထွေးညိုက စျေးချိုလို့ အာမီရမ် မှ ချတတ်ကြတဲ့

သိပ်ပြီး ကျန်းမာရေး လိုက်စားကြသူကြီးတွေ ...


ရင်ခွင်သစ်က ကျဆိမ့်တစ်ခွက်ကို

မင်းတို့နဲ့ အတူထိုင်ပြီး သောက်ချင်သေးတယ်။


ဒီလို လသာသာညတွေမှာ

ကျောင်းရှေ့က ငွေကြယ်စင်အဆောင်သူတွေရှေ့

မူးမူးနဲ့ ဂီတာ သွားတီးချင်သေးတယ်။


မျက်နှာတစ်ခြမ်းအုပ် အီမိုဆံပင်ပုံစံထားချင်သေးတယ်။


လကုန်လို့ အဆောင်လခပေးခါနီးတိုင်း

အဆောင်မှူးကို ပတ်ပြေးနေချင်သေးတယ်။


ည ည ဆို လူစဉ်မမှီသေးတဲ့

ငါ့ကဗျာတွေကို ရွတ်ပြချင်သေးတယ်။


သတိရခြင်းတွေပါ

မင်းတို့နဲ့ ငါ့ရဲ့ကြားမှာ အလွှာပါးပါးလေးသာခြားတဲ့

ငါ့ လွမ်းဆွတ်မှု အပိုင်းအစ တွေပါ။


#ရွက်လှေ

Comments

Popular posts from this blog

ရွက်လှေ (၃)

Crush သို့