ဒီကဗျာကို ဒုက္ခသစ္စာလို့ လှလှပပ ခေါင်းစဉ်တပ်မယ်
ဒီပုံပြင်ရဲ့နိဂုံးဟာ
"အသက်ထက်ဆုံး ပေါင်းဖက်ကြလေသတည်း"လို့ အဆုံးမသတ်ခဲ့ပေမယ့်
နိဒါန်းကတော့ "ဟိုရှေးရှေးတုန်းက"နဲ့ စတယ်။
ဇာတ်လမ်းအစကနေ ဇာတ်လမ်းအဆုံးအထိ
အရာရာဟာ ပုံမှန်ပါပဲ လို့ပြောဖို့
အကြောင်းအရာတစ်ခုတောင်
ငါ့မှာ လုံလုံလောက်လောက် မရှိခဲ့ဘူး။
ကိုယ့်မျက်စိရှေ့က ကလေးတွေ
နို့ဆီဗူးခွံမှာ အပ်ချည်ကြိုးတွေတပ်ပြီး
ဖုန်းပြောတမ်း ဆော့ကစားနေတာတွေ့ရင်
နည်းပညာခေတ်ဟာ
ငါ့အတွက် စောက်သုံးမကျခဲ့ခြင်းတွေချည်းပါပဲ။
မင်း တစ်ခုခုကို လိုအပ်နေချိန်
ငါ့ကို miss call တစ်ကြိမ်ပေးပါ။
မင်း ဘာတစ်ခုမှ မလိုအပ်တော့တဲ့အချိန်
Good bye ဆိုတဲ့ massage တစ်စောင်လောက်တော့ ပို့ပါ။
မတူညီတဲ့ စာမျက်နှာတွေပေါ်က
တူညီတဲ့ နေ့စွဲတွေရယ်
အင်္ဂလိပ်အက္ခရာ သုံးလုံးသာပါတဲ့ ကီးချိန်းတစ်ခုရယ်
ပြီးတော့
ဘယ်တော့မှ ခွဲမသွားပါဘူးလို့
ဂတိပြုလက်မှတ်တွေ ရေးထိုးထားတဲ့
အဖြူရောင် ထီးတစ်လက်ရယ်
အိပ်ယာသေးသေးလေးတစ်ခုပေါ်မှာ
လူသေတစ်ယောက်ဟာ သမုဒယသစ္စာကို ခံစားနေတယ်။
ဘယ်တော့မှ မိုးလင်းမယ်မှန်း မသိတဲ့ ညမှာ
နေဝင်သွားတဲ့အချိန်တိုင်း
နေ့တစ်နေ့ကုန်ဆုံးသွားတာမဟုတ်ဘူးလို့ တွေးတယ်။
နောက်ဆုံး စာမျက်နှာတိုင်းဟာ
ဇာတ်သိမ်းမဖြစ်နိုင်ဘူးလို့လဲ တွေးတယ်။
အဲဒီအချိန်ကစလို့
စောက်ရမ်း feel မဖြစ်တော့တဲ့ ငါ့ အကြောင်းအရာဟာ
အောင်ချိမ့်ရဲ ဂန္တဝင် မမ ဖြစ်တယ်။
ဇော်ဇော်အောင်ရဲ့ ယုဇန မခင်ပျို ဖြစ်တယ်။
မောင်သိန်းဇော်ရဲ့ ရှုမျှော်ခင်းတွေဖြစ်တယ်။
#ရွက်လှေ
Comments
Post a Comment