မျှော်လင့်ခဲ့ရသော ... ငုဝါ



(၁)
"သွားတော့မယ်"တဲ့။
သူ့ဆီက အစိမ်းရင့်ရောင်စကားလုံးတွေ ပွင့်ထွက်လာချိန် ကျွန်တော် ခဏတာ တိတ်ဆိတ်သွားတယ်။
-----------
----------------------
------------------
-----'------------------။

(၂)
သဘာဝတရားက ဇယားချပေးလိုက်တဲ့ ကံကြမ္မာဟာ လူသားတိုင်းအတွက် မထင်မှတ်တဲ့ တိုက်ဆိုင်မှုတွေကို တစ်ခါတစ်ခါ ပေးတတ်တယ်။ ဘဝမှာ မျှော်လင့်ချက်ရောင်ခြည် ရဲရဲလေးအပြင် ပိုမလင်းလတ်ခဲ့ရဖူးပေမယ့် မိုးတွေရွာတဲ့ အဲဒီနေ့မှာ သူမရဲ့ မိုးပြာရောင်ထီးတစ်လက်က ကိုယ့်အတွက် အရမ်းကို ကျယ်လွန်းခဲ့တယ် ထင်ရ။

(၃)
တဆတ်ဆတ်တုန်နေတဲ့ ထီးကိုင်လက်တစ်စုံကို မြတ်နိုးစွာ ကြည့်နေမိတာကလွဲရင် ခရေပွင့်ကြွေကျသံကို အရင်အချိန်တွေလို ကဗျာဆန်ဆန်နားမထောင်မိတော့ဘူး။
ပတ်ဝန်းကျင်ကလှုပ်ရှားမှုတွေကို သတိမထားဖြစ်တော့ဘူး။

နောက် ...
မရိုးသားတဲ့ စိတ်ကို ဘရိတ်အုပ်
ထီးတစ်ချောင်းတည်းအောက်မှာ

"ကျွန်တော်တို့က သူငယ်ချင်းတွေပါ"ဆိုပြီး
(သူလို ကိုယ်လို) စကားတွေပြော

တုန်နေတဲ့ အသံကို အားတင်းပြီးထိန်း
(သူလို ကိုယ်လို) ရယ်မောပစ်ခဲ့ကြသေးတယ်။

ဒါဟာ ကိုယ့်တို့အတွက် သေသပ်လှပစွာ အောင်မြင်ခဲ့တဲ့ စိတ်ကူးယဉ် ဇာတ်ဝင်ခန်းတစ်ခုပေါ့။

(၄)
မျိုသိပ်ခြင်း အတတ်ပညာကို မွေးရာပါ မတတ်မြောက်ခဲ့တဲ့ ကိုယ့်အတွက် ဒါတွေဟာ ပိရိသေသပ်လွန်းတဲ့ ဟန်ဆောင်မှုတစ်ခုတော့မဟုတ်ခဲ့ပြန်ဘူး။
အဲဒီအချိန်က လိမ်ညာခြင်းကို ရိုးသားမှုနဲ့ ယူလို့မရတာ ကိုယ် မသိခဲ့ဘူးလေ။
ကိုယ်ကလဲ တယူသန်တယ်။
အသက်ရှုသံတွေမြန်ပြီး မျက်နှာချင်းတောင်မဆိုင်ရဲတဲ့ သူမကိုတော့ အားမလိုအားမရ ဖြစ်မိပြန်သတဲ့။

(၅)
အချစ်ဆိုတဲ့ အရာသာ စိတ်ကူးသက်သက်မဟုတ်ခဲ့ရင် ကိုယ်တို့နှလုံးသားတွေကလည်း သူငယ်ချင်းဆိုတဲ့ စည်းဝိုင်းအတွင်းမှာ သံပတ်ပေးထားတဲ့ စက်ရုပ်တွေတော့ မဖြစ်နိုင်ဘူး။
အချစ် ဆိုတာ မျက်လုံးနဲ့ စတယ်။
ရင်ခုန်သံနဲ့ ဆုံးတယ်။
အဲဒါပါပဲ

(၆)
-----------
------------------------
----------
ငုဝါရေ
အချစ်ဆိုတာ ကိုယ်ရေးခဲ့တဲ့ ကဗျာတွေထဲကလို ဖြစ်လွယ်ပျက်လွယ်တော့ မဖြစ်နိုင်ဘူး။
သူငယ်ချင်းဆိုတဲ့ စည်းဝိုင်းထဲကို ကိုယ်တို့တွေ မျက်စိသူငယ် နားသူငယ်နဲ့ ရောက်လာခဲ့ကြတာမှမဟုတ်တာ။

သံယောဇဉ်ဆိုတာလဲရှိခဲ့ဖူးရဲ့။

(၇)
အခုတော့
မင်းရဲ့ချစ်ခြင်းတွေကို အမှောင်ချထားတဲ့ အခန်းကျဉ်းလေးထဲမှာ ခေါင်းစဉ်တပ်မရတဲ့ အကြောင်းပြချက်တွေနဲ့ ပန်းချီတွေရေးခိုင်းနေဦးမှာလား။
မင်းရဲ့ မျိုသိပ်ထားတဲ့ ချစ်ခြင်းတွေအတွက် အိပ်မက်တစ်ခုရဲ့ လွတ်လပ်ခြင်းတွေကိုရောပိုင်ဆိုင်ခဲ့ရဲ့လား ငုဝါ။

(၈)
ငုဝါရေ
အကာအကွယ်မရှိဘဲ လွတ်လပ်စွာ လည်ပတ်နေတဲ့ ကမ္ဘာကိုအမှောင်ချဖို့ နေလုံးကို ပြည်ဖုံးကားနဲ့ ကလကာ ချချင်နေတဲ့ မင်းအဖြစ်ကိုကြည့်ပြီး မင်းအစား ကိုယ် ရင်မောရတယ်။

(၉)
ကိုယ် တောင်းဆိုပါတယ်။

ပန်းရနံ့ကိုနမ်းရှိုက်ချင်တဲ့ မင်းအတွက် အဲဒီပန်းရနံ့ကို သယ်ဆောင်လာမယ့်လေပြေတစ်စင်းတော့ ကိုယ့်ကိုဖြစ်ခွင့်ပေးပါ။

(၁၀)
ငုဝါရေ။
မင်း ခြေဖဝါးအောက် အခါခါ ဒူးထောက်ပါရဲ့ကွယ်။

နောင် အနာဂတ်အတွက် ကြိုတင်ဆုပန်ခွင့်ရှိခဲ့ရင်လေ။

သူလို ကိုယ်လို ဘဝထဲမှာနေပျော်ရင်း
သူလို ကိုယ်လို ချစ်သူ့ရင်ခွင်ထက် ပါးအပ်ခွင့်ရပါစေလို့ ကိုယ် ဆုတောင်းလိုက်ပါရဲ့။ ။

#ရွက်လှေ

Comments

Popular posts from this blog

၂၀၁၂ ဝန်းကျင်၌ လွတ်ကျခဲ့ဖူးသော အပိုင်းအစများ

ရွက်လှေ (၃)

Crush သို့