၂ဝရာစု နှောင်းပိုင်း အဖေရယ်၊ ကျနော်ရယ် ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲရယ်

အဖေနဲ့ ဝေးတဲ့ ဒေသကနေ
အဖေ့ သတင်းတွေ ကျနော်ကြားရတယ်
နားဝမှာ တိုးဝင်လာအသံ ကျနော့် ရင်မှာတော့ ဗြောင်းဆန်သွားတယ် အဖေ---
ဘာတဲ့----။

" ဖေဖေတို့ အမျိုးက ခြင်္သေ့မျိုး" တဲ့---။

ဒါနဲ့တောင်မှ
ကုန်စျေးနှုန်းတွေက တက်
သီးနှံစျေးတွေကျ တော့
အဖေ ဘာလို့ " က" မနေခဲ့တာလဲ။
လယ်ထဲက ရသမျှ
အကြွေးရှင်တွေ "မ- မ" သွားလိုက်တာ
အဖေ့ စပါးတွေ အိမ်က စပါးကျည်ထဲရော
ရောက်လိုက်ရဲ့လား အဖေ---
တွေတွေကြီး ငေးကြည့်နေတဲ့
အဖေ့ မျက်ဝန်း ဘယ်လိုမှ မလင်းခဲ့တာ
အဲဒီ စပါးခင်းကြီးက သိတယ်---။
ဒါနဲ့တောင်မှ အဖေက ခြင်္သေ့ တဲ့။

"မင်းအဖေ က ခြင်္သေ့ပါလားကွ"လို့
ပြောတဲ့ အသံကြားတိုင်း
မနာကျည်းတတ်တဲ့ အဖေ့ကို
ကျနော် နာကျည်းချင်တယ် အဖေ။
အိမ်ရှေ့က ကတ္တရာလမ်းမပေါ်
သစ်လုံးကြီးတွေ တင်သွားတဲ့
ကုန်တင်ကားကြီးတွေကို နာကျည်းတယ်။
တောင်တန်းကြီးတွေရဲ့ အလှတရားကို
ဖျက်ဆီးတဲ့ မြေကော်စက်တွေကို နာကျည်းတယ်။
တစ်ဖက်ကမ်းမှာ
ထိန်ထိန်ငြီးနေတဲ့ မီးလုံးတွေမြင်တိုင်း အဖေ့အိမ်က အမေ့ရဲ့ရေနံဆီမီးခွက်ကို နာကျည်းတယ်။
ဗိုက်ဆာလို့ ထမင်းအိုး အလှပ်
ဆန်အိုးထဲ ဆန်ပြတ်နေတယ် ဆိုတဲ့
အဖြစ်ကိုလည်း ကျနော် နာကျည်းတယ်။
နောက်ဆုံးတော့
ကျနော် နဲ့ ကျနော်ပဲ နာကျည်းခဲ့ပါတယ်။
အိုးး-----
နာကျည်းတယ်---နာကျည်းတယ်---နာကျည်းတယ် အဖေရယ်---။
ဒါနဲ့များတောင် အဖေက ခြင်္သေ့ တဲ့။

ဘာအတွက်လဲ မမေးတော့ပါဘူး အဖေ။
"ဖေဖေငယ်က လွတ်လွတ်လပ်လပ် မနေခဲ့ရလို့ ငါ့သားကို လွတ်လွတ်လပ်နေစေချင်တယ်" တဲ့။
ကျနော် အခုလဲ မလွတ်လပ်ပါဘူး အဖေရယ်။
အဖေသိလား?
ယူနီဖောင်းမြင်ရင် ငယ်ငယ်တုန်းက လိုပဲ အခုထက်ထိကို ကျနော်ကကြောက်တတ်နေတုန်း----။
ပါးရိုက်မယ့် လူကြောက်ရ
နို့တိုက်မယ့် လူကြောက်ရ
မမွေးခင်ကတည်းက အကြွေးတင်တဲ့အဖြစ်ကိုကြောက်ရနဲ့။
ကျနော် မလွတ်လပ်ပါဘူး အဖေ။
ဒါနဲ့များတောင် အဖေက ခြင်္သေ့ တဲ့။

အဖေ့အတွက်တောင်
အဖေ မပါတော့ဘူးလား အဖေ။ အဖေယုံကြည်ရာဟာ
သားတို့အတွက်၊ သမီးတို့အတွက်
မိသားစုအတွက်၊ ရွာအတွက်
မြို့နယ်အတွက်၊ နိုင်ငံအတွက်
အဲဒါတွေအတွက် မဟုတ်ဘဲ ခြင်္သေ့ကြီးအတွက်ပဲလား။

ဘာပဲဖြစ်ဖြစ်ပါ
ကျနော် ငယ်ငယ်က လူကဲခက်နည်း
အဲဒီ ခြင်္သေ့ကြီးက သင်ပေးခဲ့တာမဟုတ်ဘူး။
မြက်ထုံးတစ်ဖက် ခေါင်းပေါ်မှာ ရွက်လို့
"ကျေးဇူးကြီးပေ တို့ ဖေဖေ"ဆိုတဲ့ ကဗျာရွတ်နည်း အဲဒီခြင်္သေ့ကြီးက
သင်ပေးခဲ့တာ မဟုတ်ဘူး။
ကျနော်တောင်းတဲ့ မုန့်ဖိုး နည်းအမျိုးမျိုးနဲ့
မရောက် ရောက်အောင် ပို့ပေးခဲ့တာလဲ
အဲဒီ ခြင်္သေ့ကြီး မဟုတ်ပါဘူး အဖေ။
ဒါတွေ အားလုံးအဖေပဲ လုပ်ပေးခဲ့တာပါ။

အဲဒီအတွက်
အဖေ့ကို ကျနော် ပြန်လုပ်ပေးမယ် အဖေ။
NLD ကို ကျနော် မဲပေးမယ်။

ရွက်လှေ

Comments

Popular posts from this blog

၂၀၁၂ ဝန်းကျင်၌ လွတ်ကျခဲ့ဖူးသော အပိုင်းအစများ

ရွက်လှေ (၃)

Crush သို့