မာနဟာ သဘာဝတရားကို သစ္စာဖောက်တယ်
လက်ပတ်နာရီ ပတ်မထားတဲ့ လွမ်းဆွတ်မှုကို
အချိန်သတ်မှတ်လိုက်တိုင်း
ကျွန်တော် သူ့ကို နာနာကျင်ကျင် လွမ်းဖြစ်တယ်။
ကျမ်းအဆူဆူနဲ့ ကျိန်ဆိုပြလို့မရတဲ့ စိတ္တဇနာမ်ဟာ
အတိတ္တရဝုတ္တိနဲ့ ချိန်ထိုးလို့မနှိုင်းယှဉ်သာတဲ့အခါ
ခပ်ရိုင်းရိုင်းနဲ့ ရူးသွပ်လို့ မရတဲ့ ဘာသာတရားလို
လူကြီးလူကောင်း ယောင်ဆောင်လိုက်ရ။
သတိတရနဲ့ လွမ်းတဲ့အကြောင်းပြောတိုင်း
ခပ်ဟဟ ရယ်လိုက်ရုံကလွဲလို့
ခပ်ချွဲချွဲလဲ သူမ နေမပြတော့ဘူး။
အဲဒါကို ကမ႓ာပျက်တယ်လို့ပဲ သတ်မှတ်မလား။
နှစ်ယောက်သားဆုံတွေ့တဲ့အချိန်တိုင်း
ကိုယ့်အသက်ရှုလမ်းကြောင်းနဲ့ ကိုယ် မောင်းနှင်ရင်း
ကိုယ့် ပြဿနာနဲ့ ကိုယ် ပန်းဝင်ခဲ့ကြတာပဲ။
အရေးတယူနဲ့ အလွမ်းထူ မပြတော့ဘူး။
အဲဒါကိုပဲ ဒရမ်မာ ဆန်တယ် ပြောရမလား။
အင်နားရှားရဲ့ သဘောတရားကို ဆန့်ကျင်စွာနဲ့ပဲ
ပွတ်တိုက်မှုမရှိတော့တဲ့အခါ
အချစ်ဟာ လောင်ကျွမ်းလာတယ်။
အဲဒါဟာ မာန ပဲလေ။
Ellie Goulding ရဲ့ သီချင်းတွေကျ
သူမက ကြိုက်ပြန်သတဲ့။
အဲဒီလိုနဲ့ တိမ်စောင်းမှုတွေဟာ
၉၀ ဒီဂရီ ဘယ်လိုပဲချချ
သဘာဝတရားက ထောင့်မှန် မကျတော့ဘူး။
# ရွက်လှေ
Comments
Post a Comment