နွားဆွဲတာ ခံလိုက်ရတဲ့ ကျားတွေ


နွားကွဲလို့ ကျားဆွဲတာ မဟုတ်ဘူး အမေ။
ကျားတွေကွဲလို့ နွားတွေဆွဲတာ။

အနီနဲ့ အစိမ်း ဂိမ်း ကစားရာကနေ စခဲ့တဲ့ဇာတ်
ဘယ်သူ့ နားခေါင်းထဲက သွေးတွေထွက်ခဲ့သလဲ။
အဲဒီ အယောင်ပြ ဂတိတွေအောက်
ဘယ်သူ့ စည်းလုံးခြင်းတွေ ပျောက်ခဲ့သလဲ။

ဒါက နွားကွဲလို့ ကျားဆွဲတာ မဟုတ်ဘူး။
ကျားကွဲလို့ နွားဆွဲခံရတာ။

ကိုယ်ထမင်းကိုယ်စားပြီး
သူ့များပကာသနအတွက် ယှဉ်ပြိုင်ပေးနေကြတဲ့
သိပ်ပြီး လွတ်လပ်ချင်သူကြီးတွေကို ပြောချင်တယ် အမေ။

ကိုယ့်လယ်ကွင်းထဲမှာ ကိုယ့်ဘာသာရုန်းပြီး
သူ့များ ထိုင်ခုံတစ်လုံးရဖို့ အချင်းချင်း တိုက်ခိုက်နေကြတဲ့
သိပ်ပြီး အမျိုးချစ်သူကြီးတွေကို ပြောချင်တယ်။

ကိုယ့်ချွေးကို ကိုယ့်ဘာသာသုပ်ပြီး
ကိုယ့်လည်ဂုတ်သွေးစုပ်ချင်တဲ့ သူတွေအတွက်
အချင်းချင်း ဆဲရေး တိုင်းထွာနေကြတဲ့
သိပ်ပြီး စည်းလုံးကြသူကြီးတွေကို ပြောလိုက်ပါဦးမယ် အမေ။

အဲဒါဟာ နွားကွဲလို့ ကျားဆွဲတာ မဟုတ်ဘူး။
ကျားကွဲလို့ နွားဆွဲခံရတာ။

စာသင်ခန်းကိုသွားမယ့် ခြေလှမ်းတွေထက်
ဘုံဆိုင်ဆီ ဦးတည်တဲ့ ခြေလှမ်းတွေကို ပိုပြီး အားပေး အားမြှောက်လုပ်တဲ့အခါ
ဦးသန့် ဟာ ကိုယ့်အဖေလောက် ဉာဏ်မကောင်းဘူး ပြောချင် ပြောမှာပေါ့။
“ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါသည်” ဆိုတဲ့ စာသားကလဲ
“ပြိုင်တူသောက်လျှင် မှောက်နိုင်ပါသည်” ဖြစ်ချင် ဖြစ်သွားမှာ။
ဒါနဲ့များ
ပညာရေးဖြင့် ခေတ်မှီနိုင်ငံတော်ကြီး တည်ဆောက်အံ့ တဲ့။

သမိုင်းအဆက်ဆက်က ရှေးလူတွေရဲ့ မျက်နှာကိုထောက်
တောက်လျှောက်ကြီး ဖြိုခွင်းခံထားရတဲ့ စည်းလုံးမှုတွေကို
ရွာဦး စေတီက ဆည်းလည်းသံလွင်လွင်လေးနဲ့ ပြန်ယူပါ။
စိမ်းစိုနေတဲ့ စပါးခင်းတွေကို ကြည့်ပြီး ပြန်ယူပါ။
ကိုယ့် သားသမီးတွေကို စာသင်ခန်းထဲ သွားထိုင်စေပြီး ပြန်ယူပါ။

 #ရွက်လှေ

Comments

Popular posts from this blog

၂၀၁၂ ဝန်းကျင်၌ လွတ်ကျခဲ့ဖူးသော အပိုင်းအစများ

ရွက်လှေ (၃)

Crush သို့