သားလေးကြီးရင် ဘာလုပ်မယ်

ဘ၀နဲ့ချီပြီးပြောရရင် အိပ်မက် ဆိုတာတွေကို အများကြီး မက်ဖူးပါတယ်။
ပလ္လင်ပေါ်တက်ထိုင်ခဲ့ဖူးတာကအစ မြွေတွင်းထဲကျခဲ့ဖူးတဲ့အထိ အိပ်မက်တွေက တသီတစ်တန်းကြီးပါပဲ။

တစ်ခါက အမေက မေးလို့ ဖြေခဲ့ဖူးတယ်။
“သားက ချက်ခုံပေါ်က နယ်ရုပ်လေးမဖြစ်ချင်ဘူး .. ချက် ထိုးတဲ့သူပဲ ဖြစ်ချင်တာ” လို့ ။ ထားပါ … ဒါက လူမှန်း သူမှန်း သိတတ်စအရွယ်တုန်းက မေးလို့ ဖြေခဲ့တဲ့ အဖြေ။

ခု ပြောပြချင်တာတွေကတော့ ထုံးစံအတိုင်း
သူများ​တွေ ပြောပြနေကျပုံပြင်တွေလိုပါပဲ။
ကျနော့်ရဲ့ ဇာတ်လမ်းကလဲ ဟိုရှေးရှေးတုန်းကနဲ့ စရမှာပါ။

အဖေ၊ အမေကစလို့ တခြား ကိုယ့်ပတ်၀န်းကျင်က ချစ်စရာအရွယ် ကလေးလေးတွေမြင်ရင် “ကြီးရင် ဘာလုပ်မှာလဲ” ဆိုတဲ့ မေးခွန်းကို ခင်များတို့ မေးဖူးကြမှာပါ။

ကျနော့ ပတ်၀န်းကျင်က နီးစပ်ရာအမျိုးတွေ၊ ချစ်တဲ့ ခင်တဲ့သူတွေလဲ မေးဖူးကြပါတယ်။

“သားလေး ကြီးလာရင် ဘာလုပ်မှာလဲ”

ကျနော်ကတော့ ယောကျာ်းလေးအများစု ငယ်ဘ၀မှာ ရှိခဲ့ဖူးတဲ့ ရည်မှန်းချက်တိုင်းလိုပါပဲ။
“သားသားကြီးလာရင် စစ်သားကြီးဖြစ်ချင်တယ်” ဆိုပြီး
မပီကလာ ပီကလာနဲ့ ပြောခဲ့တာ ခုထိ မှတ်မိပါသေးတယ်။

ဆိုတော့ ကျနော်ငယ်ငယ်က စစ်သားကြီး ဖြစ်ချင်တယ်ပေါ့ဗျာ။

ကလေး သဘာ၀ ကစားတဲ့ ကစားနည်းတွေကအစ သိုင်းချတာတွေ၊ စစ်တိုက်တာမျိုးတွေလိုမျိုး ခုန်ပျံကျော်လွှားရတဲ့ ကစားနည်းမျိုးတွေကစားတာ။ ဖြစ်ချင်တော့ ဦးလေးတွေကလဲ ပန်းပွတ်ပညာကို တိုင်းနဲ့ ပြည်နယ်အဆင့်ထိရောက်ခဲ့ဖူးသူတွေဆိုတော့ သေနတ် လိုချင်တယ်ဟေ့ဆိုရင် သစ်သားနဲ့ စက်ထဲ ထည့်ပြီး ထွင်းပေးလိုက်တယ်။ ဂျင်လိုချင်တယ်ဟေ့ဆိုရင်လဲ သစ်သားကို စက်ထဲထည့်ပြီး ထွင်းပေးလိုက်တာပဲ။ အဲတုန်းက သစ်သားဆိုတာ ကျနော်တို့ တောသူတောင်သားတွေအဖို့က ပေါပြီးသား။ ဂျင်တို့ သေနတ်တို့ဆိုတာက အတိုအစနဲ့ကောက်ပြီလုပ်ရင်တောင် ဦးရီးတော်တွေအနေနဲ့က အဆင်ပြေတယ်။ သူတို့ ပညာရပ်မှာ သူတို့ကလဲ ဆရာကြီးတွေကိုး။ ထားပါတော့ ….

ပြောချင်တာက ကျနော် ငယ်ငယ်က စစ်သားဖြစ်ချင်တယ်။ ဆော့တဲ့ ကစားနည်းတွေကအစ အဲလို ကြမ်းကြမ်းရမ်းရမ်းတွေ ဆော့ချင်တာ။
ကျနော့် ၀မ်းကွဲအစ်ကိုတစ်ယောက်ကလဲ ကျနော့်လိုပဲ။ သူနဲ့ ကျနော်နဲ့က ရည်ရွယ်ချက်ချင်းတူ၊ ၀ါသနာချင်းလဲတူတော့ လေး ငါးနှစ်လောက် အသက်ကွာတာတောင် ပေါင်းလို့ရတယ်။ ဒါ​ပေမယ့် သူက ခု ​ကျောင်းဆရာ ဖြစ်​နေပြီ။

အဲလိုမျိုး ငယ်ငယ်ကတည်းက စစ်သားရူး ရူးခဲ့တဲ့ကောင် ။ စစ်သားတောင် စစ်ဗိုလ်မှ။ စစ်တိုက်တမ်းကစားရင် ကိုယ်က အမြဲ ဗိုလ်လုပ်ရမှ ကစားတာ။ ဘောလုံးကန်လဲ အဲလိုပဲ။ အသင်းသားတွေက အမြဲတမ်း ကိုယ့်စကားနားထောင်။ ဟိုကောင် ဂိုးဖမ်းဆို ဖမ်း။ ဟိုကောင် ရှေ့တန်းနေဆို နေ။
ဒါပေမယ့် ကျနော်က ဘောလုံးအားကစားမှာ ညံ့တယ်။ စိတ်လဲမပါဘူး။ ကစားလဲ မကစားချင်ဘူး။ တမင် ဗိုလ်ကျချင်လို့သာ ဘောလုံးကစားတာ။ အဲဒါကြောင့် ထင်ပါတယ်။ ဘောလုံးကစားတဲ့ဘက်မှာ အခုချိန်ထိ ကျ​နော်က အားနည်းချက်တွေ အများကြီးရှိခဲ့တာ။

အဲအချိန်တွေတုန်းက ကိုယ်က မိသားစုမှာ အကြီးဆုံးဆိုပေမယ့် ဆွေမျိုး အသိုင်းအ၀ိုင်းထဲမှာတော့ အငယ်ဆုံး။ ဦးလေးတွေ၊ အကိုတွေကလဲ လေး ငါးနှစ်လောက်ကြီးတော့ ကိုယ်နဲ့တွဲပြီးတော့ အဲလိုတွေ သိပ် မဆော့ချင်ကြတော့ဘူး။ ကိုယ်ကတော့ မရဘူး။ မဆော့ချင်လဲ အတင်းဆော့ခိုင်း။
ဟုတ်တယ်လေ။ စစ်တိုက်တာက တစ်ယောက်တည်း တိုက်လို့မှ မရတာ။

(စစ်တိုက်တယ်ဆိုတာ အနည်းဆုံး လူနှစ်ယောက်လောက်တော့ ရှိမှ ဖြစ်မှာကိုး။)

တစ်ခါက မှတ်မိသေးတယ်။
စစ်တိုက်တမ်း ကစားတာပေါ့။ ကိုယ်က ဗိုလ်လုပ်ရမှ ကျေနပ်တဲ့ကောင်ဆိုတော့ အဲတုန်းကလဲ ကိုယ်က စစ်ဗိုလ်။ ဇာတ်လမ်းတွေထဲကလို ဟန်အပြည့် မာန်အပြည့် အော်လိုက်တာ
“ရဲဘော်တွေ … တက် “ ဆိုပြီး

အော်တုန်းကတော့ အားနဲ့ မာန်နဲ့။
ကိုယ်ဘော်ဒါတွေကလဲ ကိုယ့်စကားနားထောင်တယ်။ “တက်” ဆိုတဲ့ အသံလဲ ကြားရော သကောင့်သားတွေက အတင်းပြေးပါလေရော။

ဒါပေမယ့် အဲဒီ “တက်” ဆိုပြီး အော်တဲ့ကိုယ်က ကျောက်ခဲကို ခလုတ်တိုက်ပြီး မှောက်ရက် လဲပါလေရောဗျာ။
ရှက်လိုက်တာဆိုတာလေ … ဘာပြောကောင်းမလဲ။
ကလေးဆိုပေမယ့် အဲအချိန်မှာ ကျ​နော်က ရှက်တတ်​နေပြီ။

နောက်ပြီးတော့
“ငါက သူများကို ဆရာလုပ်ချင်ပြီး သူများလောက်တောင် အသုံးမကျဘူး”ဆိုတဲ့ စိတ်ခံစားမှုရော တပြိုင်နက်ထဲပါပဲ။

(ကိုယ်နဲ့မတန်တာကို ရထားတဲ့အခါ ရှက်သလိုလိုလဲ ခံစားရတယ်။ ပြီး​တော့ ကိုယ်နဲ့မတန်တာကို တတ်နိုင်သလောက် ဘယ်တော့မှ မယူဘူးဆိုတဲ့ စိတ်ကို အဲအချိန်ကတည်းက ကျ​နော် ရခဲ့တယ်ထင်ပါတယ်။)
ဒါပေမယ့် ကျနော်ကတော့ စစ်သားကြီးပဲ ဖြစ်ချင်နေတုန်း။

အခု အသက် ၂၇ နှစ် ရှိပါပြီ။
ကျနော် စစ်သားကြီးပဲ ဖြစ်ချင်တုန်း။

အခုအချိန် အမေ မေးလာခဲ့ရင်လဲ ထပ်ဖြေဦးမယ်။
"သားကြီးလာရင် စစ်သားကြီးပဲ ဖြစ်ချင်တယ်" လို့ …

လူတွေကလဲ ခက်ပါတယ်။
မနက်ဖြန် ဘာလုပ်မယ်ဆိုတာထက် မနေ့က ဘာကြီးလုပ်နိုင်ခဲ့တယ်ဆိုတာကိုပဲ ကြွားလုံးထုတ်ချင်ကြတာ။

ကျနော်ကလဲ ခက်ပါတယ်
မက်ခွင့်တော့ရခဲ့ပြီး တကယ်တမ်းဖြစ်မလာတော့တဲ့ အိပ်မက်ကိုပဲ ဆက်ပြီး မက်နေချင်တာ ….

#ရွက်လှေ

Comments

Popular posts from this blog

၂၀၁၂ ဝန်းကျင်၌ လွတ်ကျခဲ့ဖူးသော အပိုင်းအစများ

ရွက်လှေ (၃)

Crush သို့