ငါတို့ ဝေးသွားတဲ့အခါ....
တစ်ယောက်နဲ့ တစ်ယောက်
စိတ် အခန့်မသင့်လို့ စကားများ ရန်ဖြစ်တဲ့အခါ
ငါ့ ကို မငဲ့ညှာပါနဲ့။
ငါက အမြဲမှန်တယ် ထင်တတ်လွန်းလို့။
ည အိပ်ရာဝင်ချိန်ရောက်တိုင်း
နင့်ဆီကို ဖုန်းဆက်ဖို့ ငါ မေ့နေတဲ့အခါ
ကျိတ်မှိတ်ပြီး အိပ်ပစ်လိုက်ပါ။
'မေ့နေတာမဟုတ်ဘူး။ မအားသေးလို့ပါ' ဆိုတဲ့
အလိမ်အညာစကား နင် ကြားရဲမှာ မဟုတ်လို့။
မနက်မိုးလင်းလို့
ငါဖုန်း မဆက်သေးတဲ့ အခါ
လစ်လျူရှူလိုက်ပါ။
'အိပ်ရေးပျက်မှာ စိုးလို့'ဆိုတဲ့
ဝတ္တရားမဲ့ ဘာသာစကား နင် ကြားရဲမှာ မဟုတ်လို့။
ရုံးချိန်နီးလာလို့
လာမခေါ်နိုင်သေးတဲ့ ငါ့ကို
နင် ဒေါသ ထွက်မနေပါနဲ့။
စောစော မထတတ်တဲ့ ငါ့အကျင့်ကို
နင် ကူဖျောက်ပေးနေရမှာ စိုးလို့။
နေ့လည်ခင်း ထမင်းစားနားလို့
ဖုန်းထဲက ငါ့ အကြင်နာစကား
နင် မကြားရတဲ့ အခါ
ငါ့ကို စိတ်ဆိုးမနေပါနဲ့။
'ပင်ပန်းနေလို့' ဆိုတဲ့ အလိမ်အညာစကား
နင်ကြားရဲမှာ မဟုတ်လို့။
ညနေ ရုံးဆင်းချိန်ရောက်လို့
လာ မကြိုနိုင်သေးတဲ့ ငါ့ကို
နင် ဒေါသ ထွက်မနေပါနဲ့။
'ငါ့ ရုံးချိန်က ပြောပြလို့မရဘူး။ အချိန်မှ မမှန်တာ'ဆိုတဲ့
ယုတ္တိ မရှိတဲ့ စကား နင် ကြားရဲမှာ မဟုတ်လို့။
အားလပ်ရက် ရောက်လို့
နင့်အတွက် အချိန်မပေးနိုင်တဲ့ အခါ
ငါ OT ချိန်တွေကို လစ်လျူရှုလိုက်ပါ။
ငါတို့ နှစ်ယောက် ရှေ့ရေးအတွက်ဆိုတဲ့
စိတ်ပျက်စရာ စကား နင် ကြားရဲမှာ မဟုတ်လို့။
အကျိုးအကြောင်းတွေ မတိုက်ဆိုင်ခဲ့လို့
တကယ်လို့များ
ငါတို့ ဝေးသွားကြရင်
ငါ့ရဲ့ ကလေးမဆန်တတ်ဘဲ ကလေးဆန်နေတဲ့
တမင်တကာ အမူအယာတွေတော့ မေ့မပစ်လိုက်ပါနဲ့။
နင် စိတ်နာတိုင်း ထုတ်ကြည့်လို့ရအောင်
ဆုတ်ဖြဲလို့ မရတဲ့ ဓာတ်ပုံအဖြစ်
အဲဒါတွေကို နင့်အတွက် ငါ ထားခဲ့ချင်လို့။
#ရွက်လှေ
Comments
Post a Comment