ကျနော့်ရဲ့ ဓူ၀ံကြယ် (သို့မဟုတ်) ဖေဖေ

ဘာမှ မပြောခင် သူ့ကို အရမ်းချစ်တဲ့ကြောင်း ပြောချင်ပါတယ်။ ဒီလို ပြောလိုက်ရုံနဲ့ ပြီးပြည့်စုံသွားတယ် လို့တောင် ကျနော်မထင်မိပါဘူး။ တကယ်ပါ … ကျနော့် သူ့ကို အရမ်းချစ်ပါတယ်။ ဖြတ်သန်းခဲ့ဖူးတဲ့ အမှတ်တရတိုင်းမှာ သူ့ အတွေးအခေါ်တွေ သူ့အယူအဆတွေ၊ သူ့လုပ်ရပ်တွေ ကျနော့်မှာ ကပ်ပါ နေပါတယ်။ ကျနော့် သူရဲကောင်းဟာ သူပါ။
ကျနော်ရဲ့ လမ်းပြကြယ်ဟာ သူပါ။
ကျနော့် မိုးကောင်းကင်ဟာ သူပါ။

ဘာကိုမှတတ်သိ နားမလည်ခင်ကတည်းက လူတိုင်းဟာ အမှားလုပ်တတ်ကြောင်းကို သူပြောပြခဲ့တာ။
စကားကို လေးလုံးကွဲအောင်မပြောတတ်ခင်ကတည်းက လူတွေအပေါ်မှာ မလုပ်သင့်တဲ့အလုပ်မျိုးကို မလုပ်ဖို့ ပြောပြခဲ့တာ။

ကျနော့်အတွက်တော့ မေတ္တာတရားရဲ့ ပြယုဂ်ဟာ ဗုဒ္ဓမဟုတ်ပါဘူး။ ကျနော့်ရဲ့ ဖေဖေပါ။

ဘ၀တစ်လျှောက်လုံး အဖေ လို့ လုံး၀ မခေါ်ခဲဖူးပါဘူး။ အဖေ လို့ ခေါ်လို့ မချစ်ဘူး ပြောတာတော့ မဟုတ်ပါဘူး။ ငယ်ငယ်က အမေ သင်ပေးတာက အဖေလို့ခေါ်တာ ရိုင်းတယ်ဆိုတဲ့ အသိက အခုချိန်ထိ ရှိနေလို့ပါ။ ထားပါတော့ …

ကျနော့် ငယ်ငယ်က ဖေဖေကို အရမ်းကြောက်ပါတယ်။ ဘာလို့လဲဆို အရိုက်ကြမ်းလို့ပါ။ ရိုက်ပါတယ်။ တော်တော်ကို ရိုက်ပါတယ်။ ခုချိန်မှာ ဖေဖေရိုက်တဲ့အကြောင်းကို ပြောရတာ တကယ့်ကို ဂုဏ်ယူရတဲ့အချိန်ပါပဲ။

ပထမ တခါ အဖွားကို လျှာထုတ် ပြောင်ပြီး ထွက်ပြေးဖူးလို့ ရိုက်တယ်။
ဒုတိယ အကြိမ် ချောင်းဘေး မြောင်းဘေး သွားတာ မကြိုက်မှန်းသိရက်နဲ့ သွားလို့ ရိုက်တယ်။
တတိယတစ်ခါကျတော့ အပြင်သွားတာကို ပြောမသွားလို့ တစ်ခါရိုက်တယ်။
ကျနော် မှတ်မိသလောက်ကတော့ ဖေဖေ ရိုက်တာ ခံရတာ ဘ၀မှာ သုံးခါထဲပါ။ ဒါတွေအားလုံးက ကျနော် အသက် ငါးနှစ်နဲ့ ဆယ်နှစ် ကြားမှာ ဖြစ်ခဲ့တဲ့အရာတွေပါ။

ပထမဦးဆုံးရိုက်ခံရတာ မှတ်မိပါသေးတယ်။
လျှာထုတ်ပြောင်ပြီး ထွက်ပြေးတဲ့ကိစ္စပါ။
ဒီကိစ္စကို ပြောရမယ်ဆိုရင်တော့ နည်းနည်းရှည်ပါတယ်။ ဘာလို့လဲဆိုတော့ ရွာရဲ့ တည်ဆောက်ပုံတွေ ပါနေလို့ပါ။
ကျနော်တို့ ရွာအခေါ်အရဆိုရင် ကျနော်တို့ အိမ်က ရွာလည်ပိုင်းမှာ ရှိပါတယ်။ ရွာမှာ အရှေ့ပိုင်း၊ အလည်ပိုင်း၊ အနောက်ပိုင်း၊ ကွက်သစ် နဲ့ အနောက်တောင်ထောင့် (စနေချောင်) ဆိုပြီး အဲတုန်းကခေါ်ကြပါတယ်။

အဲလို အပိုင်းတွေခွဲထားတာက ရွာကို ဖြတ်သွားတဲ့ လမ်းတွေနဲ့ပါ။ ရွာမှာ တောင်ထိပ်နဲ့ မြောက်ထိပ်ပေါက်အောင် ထွက်နေတဲ့ အဓိက လမ်း နှစ်ခုရှိပါတယ်။ ပထမလမ်းနဲ့ ဒုတိယလမ်းပဲ ထားပါတော့။ အဲ
လမ်းနှစ်ခုရဲ့ အလယ်မှာရှိတဲ့ အပိုင်းက ရွာအလည်ပိုင်းပါ။ ပထမလမ်းရဲ့ အရှေ့ဘက်မှာရှိရင် ရွာအရှေ့ပိုင်း၊ ဒုတိယလမ်းမကြီးရဲ့ အနောက်ဘက်မှာ ရှိရင် ရွာအနောက်ပိုင်း လို့ခေါ်ပါတယ်။ အဲခေတ်အဲအခါက ကျနော်တို့ရွာရဲ့ လမ်းမကြီးတွေက မိုးရွာရင် ရေစီးတဲ့ မြောင်းကြီးတွေလိုပါပဲ။ တစ်ရွာလုံးရဲ့ မိုးရေထွက်ပေါက်လမ်းဟာ အဲလမ်းမကြီးတွေပေါ့။ အဲလမ်းတွေပေါ်မှာလဲ မိုးရွာရင် အိမ်တွေထဲကနေ မိုးရေနဲ့အတူပါလာတဲ့ သဲတွေကလဲ လမ်းမပေါ်မှာကျန်နေခဲ့ပါတယ်။ အခုချိန် ပြောရရင် သဲလမ်းပေါ့ဗျာ။
အဲသဲလမ်းတွေပေါ်မှာ ကျနော်တို့က ရှေ့ကျွမ်း နောက်ကျွမ်း ပစ်ပြီး ဆော့လေ့ရှိကြပါတယ်။ ကျနော် “ သားလေး ကြီးရင် ဘာလုပ်မယ်” ဆိုတဲ့ ခေါင်းစီးနဲ့ရေးခဲ့တုန်းကလိုပါပဲ ။ ကျနော်က အဲလို ကြမ်းကြမ်းတမ်းတမ်းတွေ ဆော့ရတာ ကြိုက်ပါတယ်။
ဘာရယ်မဟုတ်ပါဘူး၊ အဲတုန်းက ကျနော်ရဲ့ အတူနေအဖွားက အဲလို ဆော့တာကို မကြိုက်လို့ ဆူတာပါ။ ဆူတာကို ကိုယ်က မလေးမခန့်လုပ်ပြီး လျှာထုတ်ပြီး ပြောင်လို့ ဖေဖေက ရိုက်တာပါ။

ဒီနေရာမှာတော့ ကျနော် ပြောချင်တဲ့အပိုင်း ရောက်လာပါပြီ။
အဲလို ဖေဖေ ရိုက်တဲ့အခါ ကိုယ့်အဖွားကို အဲလို ပြောင်ရမလားဆိုပြီး ပြော ရိုက်တာမဟုတ်ပါဘူး။
ကိုယ့်ထက်အကြီးကို အဲလို ဆက်ဆံရမလားဆိုပြီး ပြော ရိုက်တာပါ။

နာပါတယ်။ တော် တော် နာပါတယ်။
အဲအချိန်တွေတုန်းကတော့ အသားလဲနာပါတယ်။ အသဲလဲ နာပါတယ်။

ဘာလို့လဲဆိုတော့ ကျနော် ချစ်တဲ့ ကျနော့် ဓူ၀ံကြယ်ကြီးက သူ့အမေ ကျနော် အဖွားကို လျှာထုတ်ပြီး ပြောင်လို့ရိုက်တာမဟုတ်ဘဲ ကိုယ့်ထက်အကြီးကို မလေးမခန့်လုပ်လို့ ရိုက်တယ်ဆိုပြီး ပြောရိုက်လို့ပါ။
အဲအချိန်ကတည်းက ကျနော် အမေအရွယ် အဖွားအရွယ် တိုင်းကို မလေးမစား မဆက်ဆံဖြစ်တော့ပါဘူး။

ဒုတိယအကြိမ် ရိုက်ခဲ့တာက ချောင်းဘေး မြောင်းဘေး သွားလို့ ရိုက်ခဲ့တာပါ။ ကျနော်တို့ အိမ်က ချောင်းဘေးမှာ ရှိပေမယ့် ဖေဖေက ချောင်းဘေး မြောင်းဘေးသွားတာကို မကြိုက်ပါဘူး။ ကျနော် တွေးမိတာတစ်ခုက ချောင်းဘေး မြောင်းဘေးသွားရင် ရေနစ်မှာစိုးလို့ မသွားစေချင်တာ ထင်ပါတယ်။ နောက်ထပ် ကျနော် အမြင်အရတော့ ချောင်းဘေး မြောင်းဘေးကို သွားလေ့ရှိသူတွေဟာ ဖားရှာ ငါးရှာတာကို ၀ါသနာပါတဲ့သူတွေ၊ သူများအသက် သတ်တာကို အားပေးတဲ့သူတွေပဲ သွားတာမို့ မသွားစေချင်တာထင်ပါတယ်။
ဒါပေမယ့် ကျနော် သွားခဲ့ပါတယ်။ ဘာရယ်မဟုတ်ဘူး။ သူများသွားလို့ လိုက်သွားတာပါ။ ကလေးဆိုတော့ ပျော်ရာ လိုက်တာပါပဲ။ သွားတာမှ မြှုံးရှိရာကို သွားတာပါ။ မြှုံးဆိုတာ ငါးတွေ အများကြီးရတာ။ တစ်ရက် တစ်ရက် နည်းတာမဟုတ်ဘူး။
ဒီနေရာမှာ မြှုံးကို နည်းနည်းတော့ ပြောပြချင်တယ်။ မြှုံးဆိုတာ ချောင်းတစ်ခုလုံးကို ပိတ်ပြီးတော့ အရှေ့ပိုင်းမှာ လှေဦးလိုပဲ ချွန်ပြီးတော့ ရေထွက်ပေါက်ရအောင်လုပ်ထား။ ဦးချွန်ရဲ့အတွင်းပိုင်းမှာကျတော့ ရေထဲမှာပါလာတဲ့ငါးတွေကို အပေါ်တက်လာအောင် ရေအောက်ခြေကနေ မြှုံးဦးချွန်အထိ လှည်းကပ်တွေကို ဖြန့်ခင်းထားပါတယ်။ ဒီလှည်းကပ်ဆိုတာကို တစ်ခြားနယ်တွေအခေါ်မှာတော့ ယိုင်လို့လဲ ခေါ်ပါတယ်။ ဒီဘက်ခေတ်မှာ မြှုံးဆိုတာတွေ သိပ်မရှိတော့ ကျနော်လဲ ရှင်းအောင် သိပ်မပြောတတ်တော့ပါဘူး။ ထားပါတော့ …
မြှုံးရဲ့ထိပ်မှာက လှေဦးလို စုထားတာဆိုတော့ ရေစီးကြမ်းတယ်လေ။ ကျနော်က ဖြစ်ချင်တော့ အဲမြှုံးဦးရှိတဲ့ ကမ်းဘေးနားမှာထိုင်မိတာ။ ကလေး သဘာ၀အရ ကမ်းဘေးမှာပေါက်တဲ့အပင်တွေကို မြှုံးဦးရေစီးထဲမျှောချရတာ ပျော်စရာပါ။ ရေစီးကလဲ ကြမ်းတော့ ဘာရယ်မဟုတ်ဘူး … ဘယ်သူမျှောတဲ့အပင်က အ‌ဝေးဆုံးထိရောက်လဲ ပြိုင်ကြတာ။ စက္ကူလှေလေးတွေလုပ်ပြီး ရေထဲမျောရသလို ပျော်ရွှင်မှုပေါ့။ ဖြစ်ချင်တော့ ကျနော်က အပင်လေးတွေကိုနှုတ်၊ ငုတ်တုတ်ထိုင်ပြီး ရေထဲ မျောနေချိန်မှာ တခြား အပေါင်းအသင်းတစ်ယောက်က ကျနော် ခါးကို တိုက်မိသွားတယ်။ အဲမှာအရှိန်လွန်ပြီးမြှုံးရှေ့တည့်တည့် ရေစီးကြမ်းတဲ့နေရာမှာ ကျနော်ပြုတ်ကျသွားတာပါပဲ။ ရေထဲမှာ ယက်ကန် ယက်ကန်နဲ့။ ဒါပေမယ့် အဲသူငယ်ချင်းကပဲ ကျနော့်ကို ရေထဲကနေ ပြန်ကယ်ခဲ့တာပါ။ နို့မို့ဆိုရင် ရေနစ်ပြီး ကျနော် သေသွားခဲ့တာ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်၀န်းကျင်လောက်ကတည်းကပါ။
အဲလိုမျိုး ရေနစ်လို့ ကျနော့်အဖေက ကျနော်ကို ရိုက်ပါတယ်။ အဲလို ချောင်းဘေး မြောင်းဘေး မသွားပါနဲ့ ပြောတာ သွားရမလား ဆိုပြီး ပြောရိုက်တာပါ။

နာပါတယ်။ အသားလဲ နာ သလို အသဲလဲ နာပါတယ်။

အဲအချိန်ကနေစပြီး ကျနော် ရေကြောက်တတ်ခဲ့ပါတယ်။ ရေကြောက်သလိုမျိုး ရေထွက်သတ္တ၀ါတွေကို ကျနော် ကြောက်တတ်ခဲ့ပါတယ်။ အဲတုန်းက ချောင်းဘေး မြောင်းဘေး သွားလို့ မကြိုက်တာဟာ သူများအသတ် သတ်တာမကြိုက်လို့လား ဒါမှမဟုတ် ရေနစ်မှာ စိုးလို့လား အခုချိန်ထိ မသဲကွဲပေမယ့် အဲလို အရိုက်ခံရတဲ့ ဒဏ်ကြောင့် သူများ အသတ် သတ်ဖို့ အခု ချိန်ထိ ကျနော် ၀န်လေးနေခဲ့ပါတယ်။ ရေကြောက်တတ်ခဲ့ပါတယ်။ ဒါက ဒုတိယအကြိမ် ရိုက်လိုက်လို့ သိလာတဲ့ အသိပါ။

တတိယအကြိမ်က အိမ်ကနေ ဘယ်သွားမယ်လို့ မပြောဘဲထွက်သွားခဲ့မိလို့ပါ။ အဲတုန်းက ကျနော် သုံးတန်းတက်ရမယ့်အရွယ်။
ကျနော်တို့ရွာက ပုလဲမြို့နယ်ထဲမှာရှိပါတယ်။ ပုလဲမြို့ပေါ်ကို သွားရင် အဲခေတ်က စက်ဘီးတို့ လှည်းတို့နဲ့ သွားရပါတယ်။ တနင်္ဂနွေနေ့ဆိုရင် ပုလဲက ပိုစည်ပါတယ်။ ဘာလို့လဲဆိုတော့ အဲနေ့က တစ်ပါတ်လုံးနေမှ တစ်ရက်သာ စည်တဲ့ တနင်္ဂနွေဈေးနေ့ဖြစ်လို့နေပါတယ်။ ငယ်ငယ်ကတော့ မြို့နယ်ဆိုတာ မြို့ကြီး ပြကြီးလိုပါပဲ။ အရမ်းသွားချင်ခဲ့တာ။
အခုချိန်ထိလဲ ခေတ်စားနေဆဲဖြစ်သလို အရင်တုန်းကလဲ ခေတ်စားခဲ့ပါတယ်။ ကလေးဖမ်းတယ် ဆိုတဲ့ ကိစ္စပါ။ အထူးသဖြင့် တောရွာ ဒေသမှာဆိုရင် နွေရာသီဟာ အဲလိုအသံတွေ အများဆုံးကြားရတဲ့အချိန်ပါ။ မိဘတွေကပဲ ခြောက်တာလား၊ ဒါမှမဟုတ် တကယ်ပဲလားဆိုတာကတော့ အခုချိန်ထိ မ‌ေ၀ခွဲတတ်ပါဘူး။ ကျနော်တို့ အဲအချိန်တုန်းက တော်တော် ကြောက်ခဲ့တာပါ။
ဒါပေမယ့် ဘယ်က ဘယ်လိုရလာတဲ့ သတ္တိလဲတော့ မသိပါဘူး။ သုံတန်းအရွယ် ရှစ်နှစ် ကလေးကလေး နှစ်ယောက်ဟာ နွေရာသီ ညနေခင်းတစ်ခုမှာ မြို့ပေါ်ကို လူကြီးတွေ မသိအောင် ခိုးသွားမယ်ဆိုတဲ့ အတွေးတစ်ခုကို တွေးခဲ့ကြပါတယ်။ တကယ်လဲ ရောက်အောင် ခြေကျင်ခရီးသွားခဲ့ကြပါတယ်။ သွားရတဲ့အကြောင်းအရင်းက ငယ်ငယ်က ကစားဖူးခဲ့ကြတဲ့ ပလပ်စတစ် ပေါက်ဂျင် ကြောင့်ပါပဲ။ ပါးစပ်ကသာ ဂျင်၀ယ်သွားမယ်ဆိုပြီး သွားကြတာပါ။ ပုလဲမြို့ပေါ်အထိ ရောက်လဲ ရောက်ခဲ့ကြပါတယ်။ ဒါပေမယ့် ရှစ်နှစ်သားလေးက ဂျင်၀ယ်ဖို့ ကို ကိုယ့်မိဘကမဟုတ်ရင် ပိုက်ဆံ ဘယ်သူကပေးမှာလဲ။ ဒါပေမယ့် ဂျင်၀ယ်သွားမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မသွားဖူးတဲ့ နယ်မြို့ကလေးဆီ ရှစ်နှစ်သား ကလေးနှစ်ယောက် ရောက်ခဲ့ကြပါတယ်။ ရောက်သွားတော့လဲ ယောင်လည်လည်ပါပဲ။ ဘယ်သွားလို့ သွားရမှန်းလဲ မသိပါဘူး။ ပုလဲဆိုပြီး သွားလို့သာ ရောက်လာခဲ့ကြတာပါ။ ဘာလုပ်လို့ လုပ်ရမှန်းမသိပါဘူး။
ပုလဲကို ရောက်တော့ လာပါပြီ။ ကျနော်တို့မှာ ရည်ရွယ်ချက်မရှိပါဘူး။ ဂျင်၀ယ်ဆိုပေမယ့် ၀ယ်စရာ ပိုက်ဆံလဲမပါခဲ့ပါဘူး။ ယောင်လည်လည်မှ တကယ့်ယောင်လည်လည်ပါ။ မိဘတွေ စိုးရိမ်မယ်ဆိုလဲ စိုးရိမ်စရာပါပဲ။ ဘယ်သူမှ မသိဘဲနဲ့ သိသူမရှိ ခင်သူမရှိတဲ့ တခြားတနယ်မှာ ကလေးလေးတွေရောက်နေတာပါ။ ကျနော်တို့ကိုယ်တိုင်လဲ ဘယ်သွားရမှန်းမသိပါဘူး။
အဲခေတ်အခါက ပုလဲမှာ ဦးဒါးမ ဆီစက်ဆိုတာ နာမည်ကြီးပါ။ အဲဆီစက်ရှေ့ သစ်ပင်လေးအောက်မှာ ကွက်ပျစ်ထိုးထားတဲ့ ခုံတန်းလေး ရှိပါတယ်။ ခုလဲ ရှိဦးမယ်ထင်ပါတယ်။ သေချာတော့ မသိတော့ပါဘူး။
အဲဒီကွက်ပျစ်ပေါ် နှစ်ယောက်သားထိုင်နေရင်း ခဏနေတော့ ကျနော်ဖေဖေ့ရဲ့ အကိုအရင်း ဦးလေး ရောက်လာပါတယ်။
“ဟာ … ဟျောင့်တွေ … မင်းတို့ ဘာ လာ လုပ်ကြတာလဲ… ဘယ်သူတွေပါသေးလဲ”ဆိုပြီး မေးပြီး
ဘယ်သူမှ မပါဘူး ဆိုတာလဲ သိရော သူ့ရဲ့ ယောက်ကျားစီး စက်ဘီးပေါ် တင်ခေါ်ပြီး ရွာ ပြန်ချလာခဲ့ကြတာပါပဲ …
အဲအချိန်တုန်းက ဖေဖေ ကျနော့်ကို တတိယအကြိမ်နဲ့ နောက်ဆုံးအကြိမ် ရိုက်ပါတယ်။ ရိုက်တာမှ ရပ်ကျော် ရွာကျော် ကြိုးတုပ်ပြီး ရိုက်မယ် လုပ်တာပါ။ ဒါပေမယ့် ကြိုးတော့ မတုတ်လိုက်ပါဘူး။ ရိုက်တာတော့ အသေရိုက်တာပါ။ ဘယ်သူကိုမှ ပြောပြီး မသွားရကောင်းလားဆိုပြီး ပြော ရိုက်တာပါ။

နာပါတယ် … တော်တော နာပါတယ်။ အသားလဲ နာသလို အသဲလဲ နာပါတယ်။

အဲအချိန်ကတည်းက ရွာထဲသွားတာပဲ ဖြစ်ဖြစ်၊ တခြား ရွာ သွားတာပဲ ဖြစ်ဖြစ် ကျနော် အိမ်ကလူတွေကို ပြောပြီးသွားပါတယ်။
နောက်ဆုံး အဲအကျင့်က ဘယ်အထိ စွဲခဲ့သလဲဆိုရင် အခုလုပ်ငန်းခွင်၀င်တဲ့အထိ စွဲနေပါတယ်။ ကျနော်ဘယ်သွားသွား အနီးအနားမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြောပြီး သွားပါတယ်။ ဒါ ကျနော့် အကျင့်ဖြစ်သွားပါပြီ.။

ဘ၀မှာ ဖေဖေရိုက်တာ သုံးခါပဲ ခံခဲ့ဖူးတာပါ။ ဒါပေမယ့် အဲဒါတွေကို ကျနော် စွဲနေတုန်းပါပဲ။
ကိုယ့်ထက်အကြီးဟာ လှောင်ပြောင်စရာ မဟုတ်ဘူးဆိုတဲ့ အသိ
သူ့တပါး အသက်ကို မသတ်မရဘူးဆိုတဲ့ အသိ
အိမ်ကထွက်တော့မယ်ဆိုရင် အိမ်ကလူတွေ မသိဘဲ အပြင်မသွားသင့်ဘူးဆိုတဲ့အသိ
အဲဒီ အသိတွေကို ငါးနှစ်၊ ခုနှစ်နှစ်၊ ဆယ်နှစ်သား အရွယ်မှာ ကျနော့်ကို ရိုက်သွင်းခဲ့တာပါ။
အဲဒါတွေကြောင့် ကျနော် သူ့ကို ချစ်ပါတယ်။

အဲဒီအချိန်က ကျနော့်လိုအရွယ်​တွေမှာ ဒီလို အကျင့်မျိုးရအောင် ရိုက်သွင်းပေးခဲ့တဲ့ ကျနော့် ဓူ၀ံကြယ်ကြီးကို ကျနော် ချစ်ပါတယ်။

တကယ်ပါ … ကျနော့် သူ့ကို အရမ်းချစ်ပါတယ်။ ဖြတ်သန်းခဲ့ဖူးတဲ့ အမှတ်တရတိုင်းမှာ သူ့ အတွေးအခေါ်တွေ သူ့အယူအဆတွေ၊ သူ့လုပ်ရပ်တွေ ကျနော့်မှာ ကပ်ပါ နေပါတယ်။
ကျနော့် သူရဲကောင်းဟာ သူပါ။
ကျနော်ရဲ့ လမ်းပြကြယ်ဟာ သူပါ။
ကျနော့် မိုးကောင်းကင်ဟာ သူပါ။

ဓူ၀ံကြယ်ဆိုတာ လမ်းပျောက်နေသူတွေအတွက် လမ်းပြတဲ့ ကြယ်တဲ့။
ကျနော်ရဲ့ ဓူ၀ံကြယ်ကြီးကတော့ ကျနော်လမ်းတွေ မပျောက်ခင်ကတည်းက လမ်းတွေ ပြနေခဲ့တာ။

ကျနော့်အတွက်တော့ မေတ္တာတရားရဲ့ ပြယုဂ်ဟာ ဗုဒ္ဓမဟုတ်ပါဘူး။ ကျနော့်ရဲ့ ဖေဖေပါ။


#ရွက်လှေ



Comments

Popular posts from this blog

၂၀၁၂ ဝန်းကျင်၌ လွတ်ကျခဲ့ဖူးသော အပိုင်းအစများ

ရွက်လှေ (၃)

Crush သို့